မြစ်ဆုံစီမံကိန်းကို လုံးဝကန့်ကွက်တယ်လို့မောင်စိန်ဝင်း(ပုတီးကုန်း)ပြောကြား

ပုသိမ် ဖေဖေါ်ဝါရီ၆ရက်

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ မြို့တော်ခမ်းမဝန်းအတွင်း ယနေ့  ဖေဖေါ်ဝါရီလ၆ရက်နေ့ ညပိုင်းအချိန်၌ ပုသိမ်ခရိုင်လူထုဗဟိုပြုဌာန(Community Centre) စာအုပ်/စာစောင်ချစ်မြတ်နိုးသူများအသင်း(Book Club) မှစီစဉ်ကျင်းပပြုလုပ်သော ဧရာဝတီချစ်သူများ စာပေဟောပြောပွဲတွင် ဧရာဝတီမြစ်ဆုံစီမံကိန်းကို လုံးဝကန့်ကွက်ကြောင်း စာရေးဆရာ မောင်စိန်ဝင်း(ပုတီးကုန်း)ကပြောကြားခဲ့သည်။

ဧရာဝတီချစ်သူများ စာပေဟောပြောပွဲ၏ သုတ ရသစာပေအကြောင်းအရာများဟောပြောစဉ်အတွင်း ဧရာဝတီမြစ်ဆုံစီမံကိန်းကိစ္စနှင့် ပက်သက်၍အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
အစိုးရအနေဖြင့် ၎င်းမြစ်ဆုံနှင့်ပက်သက်ပြီး ရာသက်ပန်ဖျက်သိမ်းရေး ကြိုးစားဆောင်ရွက်သင့်ကြောင်းနှင့်
ပြည်သူအများစုကလည်း မြစ်ဆုံစီမံကိန်းကို ကန့်ကွက်သင့်ကြောင်း ထောက်ပြ ဟောပြောခဲ့သည်။

“ကျွန်တော်သူငယ်ချင်းရဲ့စကားလေးကို သတိရမိတယ် သူကဧရာဝတီမြစ်ကိုမမြင်ဖူးဘူး။ ကျွန်တော်က ဧရာဝတီနဲ့ ပက်သက်တဲ့ အခုလိုပဲစာပေဟောပြောပွဲ ဟောမဲ့အချိန်မှာ ငါဧရာဝတီမြစ်ကိုမမြင်ဖူးဘူးတဲ့ ဒါပေမဲ့ဒီမြစ်ဆုံကိစ္စဆောင်ရွက်နေသူတွေကိုမေးလိုက်ချင်တယ် မင်းအမေကိုဘယ်လောက်ပေးရင်ရောင်းမလဲလို့  ပြောတယ် ဒီစကားဟာဧရာဝတီကိုမမြင်ဖူးတဲ့ သူကတောင်ပြောတဲ့စကားနော်”ဟု ပုသိမ်မြို့မှာကျင်းပတဲ့ ဧရာဝတီချစ်သူစာပေဟောပြောပွဲမှာ မြစ်ဆုံအရေးကန့်ကွက်ခြင်းမှုကို ပေါ်လွင်အောင်ဟောပြောခဲ့သည်။

ထို့ကြောင့် မြစ်ဆုံအရေးကိစ္စ မှန်သည်မှားသည်ကို မိမိတို့ အသိဥာဏ်ဖြင့် ချင့်ချိန်ဆုံးဖြတ်ပြီး အသေအချာလုပ်ဆောင်သင့်ကြောင်း ဆရာက အကြံပြုဟောပြောခဲ့ပါသေးသည်။

အဆိုပါစာပေဟောပြောပွဲတွင် စာရေးဆရာမောင်စိန်ဝင်း(ပုတီးကုန်း)နှင့်ဆရာမင်းချစ်နိုင်၏ ဧရာဝတီမြစ်ဆုံဘာကြောင့်ကန့်ကွက်ကြတာလဲဆိုသည့်အချက်အလက်များကို ဟောပြောခဲ့ရာတွင် ပုသိမ်မြို့ခံပရိသတ်၏အားပေးထောက်ခံမူ့ များစွာရ ရှိခဲ့သည်ကိုလည်း တွေ့မြင်ရသည်။

“အစက ဒီမြစ်ဆုံကိစ္စကန့်ကွက်တာကို သေချာနားမလည်ဘူး ဒီစာပေဟောပြောပွဲရဲ့ ခေါင်းစဉ်လေးကိုသဘောကျလို့ လာနားထောင်တာ ဆရာတွေပြောတဲ့ ဗဟုသုတတွေက အင်မတန်တန်ဖိုးရှိပါတယ် သူတို့ပြောပြတော့မှ ဒီဧရာဝတီမြစ်ရဲ့ တန်ဖိုးတွေ ဒီစီမံကိန်းကိုကန့်ကွက်သင့်တာတွေ သိလာရတယ်”ဟု စာပေဟောပြောပွဲ တက်ရောက်သူ ပုသိမ်ဒေသခံတစ်ဦးကပြောသည်။
လက်ရှိတွင် ဧရာဝတီမြစ်ဆုံ စီမံကိန်းနှင့်ပက်သက်သည့် ကန့်ကွက်ရှုတ်ချပွဲများကို အမြို့မြို့အနယ်နယ်တိုင်းတွင် အရပ်ဘက်လူမူအဖွဲ့အစည်းများက စုပေါင်းပြုလုပ်လျက်ရှိပြီး ပုသိမ်မြို့၌လည်း မကြာသေးခင်ကကျင်းပပြုလုပ်ခဲ့ပြီးဖြစ်သည်။