ကမ္ဘာ့လူဦးရေ သန်းတစ်ရာကျော် စားနပ်ရိက္ခာလုံလောက်မှု မရှိဟု ကုလသမဂ္ဂပြော

By-Delta News (၇.ဧပြီ.၂၀၁၉)
၂၀၁၈ခုနှစ်အတွင်း ကမ္ဘာ့နိုင်ငံပေါင်း ၅၃နိုင်ငံက လူဦးရေ ၁၁၃ သန်းဟာ စားနပ်ရိက္ခာ မလုံလောက် တဲ့ ပြဿနာနဲ့ ဆိုးဆိုးရွားရွား ရင်ဆိုင်နေကြရတယ်လို့ ကုလသမဂ္ဂ အစီရင်ခံစာတစ်ခုက ပြောပါတယ်။

အဲဒီအစီရင်ခံစာကို ကုလသမဂ္ဂ အစားအစားနဲ့ စိုက်ပျိုးရေးအဖွဲ့အစည်း (FAO) ၊ ကုလသမဂ္ဂ စားနပ်ရိက္ခာ ပရိုဂရမ် (WFP)နဲ့ ဥရောပသမဂ္ဂ (အီးယူ) တို့ ပူးပေါင်းပြီး ဧပြီ ၂ရက်နေ့က ထုတ်ပြန်ခဲ့တာပါ။

စားနပ်ရိက္ခာမလုံလောက်တဲ့ပြဿနာရဲ့ အဓိကအကြောင်းအရင်းကတော့ ပဋိပက္ခတွေနဲ့ စီးပွားရေးအကြပ်အတည်းအပြင် ရာသီဥတုပြောင်းလဲမှုနဲ့ ဆက်စပ်တဲ့ မိုးခေါင်တာ ရေကြီးတာ စတဲ့သဘာဝဘေးတွေကြောင့် ဖြစ်တယ်လို့အဲဒီအစီရင်ခံစာက ပြောပါတယ်။

စားနပ်ရိက္ခာမလုံမလောက်ဖြစ်နေတဲ့ နို်င်ငံတွေမှာ လူဦးရေ ၈၀ရာခိုင်နှုန်းလောက်ဟာ စိုက်ပျိုးရေးကို အဓိက မှီခိုနေကြရတဲ့အတွက် လူသားချင်းစာနာမှု အရေးပေါ် အကူအညီတွေအပြင် စိုက်ပျိုးရေး ကဏ္ဍမြင့်တင်ဖို့အတွက်လည်း အကူအညီလိုအပ်နေတယ်လို့ FAO အဖွဲ့ အကြီးအကဲ တစ်ယောက်က ပြောပါတယ်။

ကမ္ဘာပေါ်မှာ စားနပ်ရိက္ခာမလုံလောက်မှု ပြဿနာရင်ဆိုင်တဲ့ လူဦးရေပမာဏဟာ ၂၀၁၇ ခုနှစ်မှာ ၁၂၄ သန်းကနေ ၂၀၁၈မှာ ၁၁၃သန်းကို လျော့ကျခဲ့ပေမယ့် အဲဒီအရေအတွက်ဟာ များလွန်းနေပါသေးတယ်။

စားနပ်ရိက္ခာ မလုံလောက်တဲ့ ပြဿနာဟာ စိန်ခေါ်မှုမြင့်တက်နေတဲ့အတွက် ဥရောပသမဂ္ဂအဖွဲ့ဟာ ကမ္ဘာ့နိုင်ငံပေါင်း ၆၀ရဲ့ စားနပ်ရိက္ခာနဲ့ အာဟာရပြည့်ဝရေး ကဏ္ဍတွေအပြင် စိုက်ပျိုးရေးကဏ္ဍ တိုးတက်ရေး အတွက် ၂၀၁၄ ကနေ ၂၀၂၀အထိ စုစုပေါင်း အမေရိကန်ဒေါ်လာ ၁၂ ဘီလီယံနီးပါး ထောက်ပံ့သွားမယ်လို့ နိုင်ငံတကာ ပူးပေါင်းရေးနဲ့ဖွံဖြိုးတိုးတက်ရေးဌာနရဲ့ အကြီးအကဲ နဲဗန် မီမီကာက ပြောပါတယ်။

Ref : www.fareasternagriculture.com